နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုး၊ ဆောင်း၊ နွေ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံ၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင်  ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ ကွင်းအမှတ်(၁၆၂၀) ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့်တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာကို အဓိကထားသုံးစွဲရေးနှင့် တောင်သူများ  သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ မြေပြုပြင်ရာတွင် စံချိန်မှီအောင်ပြုပြင်နိုင်ရေး၊  အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပေါ်ဆန်းနှင့် အောင်နိုင်တိုးစပါးမျိုးများကို အဓိကထားစိုက်ပျိုးနိုင်ရေး၊  ကြဲခင်းစနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာနှင့် လက်ဆွဲကောက်စိုက်စက်များ အသုံးပြုစိုက်ပျိုးရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ မျိုးစပါးများ၊  မျိုးစေ့ချကိရိယာများနှင့် သွင်းအားစုများအား တောင်သူများထံပေးအပ်ပြီး တောင်သူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် သက်ဆိုင်ကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နွေစပါးရိတ်သိမ်းပြီး စိုက်ခင်းများအား မိုးစပါးအချိန်မှီစိုက်ပျိုးနိုင်ရေး စက်ယန္တရားများဖြင့် မြေပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပင်လောင်းလမ်းဆုံ သစ်တပ်ကျေးရွာအကြား လမ်းဘေးရေ‌မြောင်းများ ရေစီးရေလာကောင်းမွန်‌စေရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  ရေမြောင်းများအား သတ်မှတ်အရွယ်အစားအတိုင်း စနစ်တကျတူးဖော်ရေးနှင့် ရှင်းလင်းဆောင်ရွက်ထားရေး၊ Box Culvert များတွင် အမှိုက်များပိတ်စို့မှုမရှိစေရေးနှင့် လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေး ရှင်းလင်းဆောင်ရွက်ထားရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇဌာနီလမ်းမကြီးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပြီးစီးမှုအ‌ခြေအနေနှင့် Regulating Course Mix Design ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လမ်းပိုင်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မှီအောင်ဆောင်ရွက်ရေး၊  လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင် စက်ယန္တရား၊ လူအင်အားတိုးမြှင့်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

အောင်မျိုးဝင်း(ဥတ္တရ)