ကရင်ပြည်နယ် တရားလွှတ်တော်အဆောက်အဦပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ဘားအံ ဇူလိုင် ၂၀

ကရင်ပြည်နယ်တရားလွှတ်တော် (၁၃၄ပေ x ၁၄၁ပေ) RC (၃) ထပ်အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ဆေးရုံလမ်း၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။

အဆိုပါအဆောက်အဦကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃) မှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာကြသော ကရင်၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကို စိုက်ထူ၍ အမွှေးနံ့သာရည်များပက်ဖြန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များ၊ တရားရေးဝန်ထမ်းများ၊ အဆောက်အဦအထူးအဖွဲ့ (၁၃) မှ ဝန်ထမ်းများ၊ ဘင်ခရာပန်းပွားအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ယဉ်ကျေးမှုအဖွဲ့နှင့် ဘင်ခရာပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး အဆောက်အဦဆောက်လုပ်မည့် ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)