နေပြည်တော် ဇူလိုင် ၂၀
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင်၊ ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များဖြင့် လစဉ်စာပေဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက၊ ပခုက္ကူစာပေတစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ(ညောင်ဦး)၊ အမျိုးသားစာပေဆုရစာရေးဆရာ စိုးတင့်(ဧရာဝတီ)၊ ဒေါက်တာ အောင်ကျော်ဦး၊ ဒေါက်တာမြတ်မိုး(မိုးကေနိုင်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများ၊ စာပေဝါသနာရှင်များ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများက မိတ်ဆက်ဂါရဝပြုကြသည်။
ထို့နောက် နေပြည်တော်စာပေဝိုင်းမှ ဂုဏ်ထူးဆောင် နာယကဆရာမကြီး တင်ရီမ(ညောင်ဦး)က နေပြည်တော်စာပေဝိုင်းရေရှည်ရှင်သန်ရေးနှင့် စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ယင်းနောက် ဒေါက်တာအောင်ကျော်ဦးက “ဓမ္မိယလဒ္ဓ” ဆောင်းပါးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာ မြတ်မိုး(မိုးကေနိုင်)က “အကြောင်းကောင်းခြင်းမှသည် အကျိုးကောင်းခြင်း အရည်အသွေးတစ်ခု” ခေါင်းစဉ်ဖြင့်လည်းကောင်း စာပေစကားဆွေးနွေးပြောကြားခဲ့ကြပြီး ဆရာမကြီးတင်ရီမ(ညောင်ဦး)က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် စာပေဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အမျိုးသားစာပေဆုရ စာရေးဆရာ စိုးတင့်(ဧရာဝတီ)၊ ဒေါ်သင်းသင်းဇင်(ဇင်-ရန်ကုန်တက္ကသိုလ်)၊ ခွန်ကျော်ခိုင်(ရေနံ)၊ ဦးမောင်မောင်တာ(သဘာဝ)၊ စိန်ဝင်းနွယ်၊ ဦးခင်မောင်ကျော်(ရဲမွန်ကျော်)၊ ဦးသောင်းတင်(စိန်လင်းထက်-နေပြည်တော်)၊ ရွှေပြည်စိုး(မိုးကုတ်)၊ ဦးအောင်ဝေ (ညောင်ခြေထောက်)၊ ဦးဝင်းကို (ယုံလေး)၊ မောင်ကြည်ဖြူ(ကဖိုးကျင်)၊ စိန်လင်းထက် (နေပြည်တော်)၊ မောင်လေပြေ(တောင်တွင်း) ဦးအောင်ဆွေထက်(ခမတ)၊ ဦးကျော်ဇော် (ရှင်မတောင်နံ့သာမြေ)၊ မေချို-ပျဉ်းမနား၊ ဦးစောမျိုးအောင်(အိုင်ပီ မျိုးအောင်)၊ မောင်သန်းညွန့် (မြစ်ခြေ)၊ ကျော်စွာသစ်(ချောက်)၊ ချယ်ချယ်(YU)နှင့် စာပေဝါသနာရှင်များက မိမိတို့၏အတွေး၊ အမြင်ရှုထောင့်အသီးသီးမှ သုံးသပ်ဆွေးနွေးဖလှယ်ခဲ့ကြပြီး ဆရာမကြီးတင်ရီမ (ညောင်ဦး)က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ဒက္ခိဏ)