လယ်ဝေးမြို့နယ်တွင် ၂၀၂၅-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ၊ ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေးနည်းစနစ်များ တွေ့ဆုံဆွေးနွေး

လယ်ဝေး ဇူလိုင် ၂၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့နယ်အားကစားကွင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကျွန်းပင်နှင့်ပိတောက်ပင် ၈၀ ပင်တို့ကို စိုက်ပျိုးပေးခဲ့ပြီး လယ်ဝေးမြို့နယ်အနေဖြင့် ယခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း ၆၇၄၀ အားစိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် လယ်ဝေးမြို့နယ်အတွင်း ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ခရမ်းကိုင်းကျေးရွာ စနစ်ကျလယ်ယာမြေ၊   ဧက ၂၀၀ ရှင်းလင်းဆောင်တွင် တောင်သူများနှင့်တွေ့ဆုံ၍ သီးနှံများ ရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး၊ သီးထပ်စွမ်းအားမြင့်မားရေးတို့အတွက် သက်ဆိုင်ရာဌာနများမှလည်း မျိုး၊ မြေ၊ ရေ၊ နည်း စနစ်များပြည့်စုံစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများကမိမိတို့ ဌာနအသီးသီးမှ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးပြီး နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက တောင်သူများထံ မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။ ထို့နောက် ခရမ်းကိုင်းကျေးရွာ၊ ကွင်းအမှတ် ၁၈၂၃ တောင်သူ ဒေါ်သင်းသင်းခိုင်၏ ၂၀၂၄-၂၀၂၅ခုနှစ် နွေစပါးအထွက်တိုးစံပြကွက်တွင်အောင်နိုင်တိုးစပါးမျိုး စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် အေလာကန်ရေသောက်စနစ်၊ ကွင်းအမှတ် ၁၇၃၅ တောင်သူဦးစိန်မြင့်၏ နှံကောက်မျိုး နွေစပါး ရိတ်သိမ်းခြွေလှေ့နေမှုအား ကွင်းဆင်းကြည့်ရှုရာ တစ်ဧက (အစို)တင်း ၁၃၀ ထွက်ရှိကြောင်း သိရသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ပိတောက်ချောင်ကျေးရွာ၊ ကွင်းအမှတ် ၁၇၃၁(က) တောင်သူဦးညွန့်အောင်၏ ပေါ်ဆန်း(၂)စပါး ၅ဧက စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုကာ တောင်သူများအား သွင်းအားစုများပေးအပ်ပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)