လယ်ဝေးမြို့နယ် ပျံချီ စက်မှုစိုက်ပျိုးမွေးမြုရေး အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

လယ်ဝေး  ဇူလိုင်  ၂၀

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ပျံချီ‌ကျေးရွာ၊ စက်စိုက်မွေး အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဇံက အမှာစကားပြောကြားပြီး လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  လူငယ်စကားဝိုင်း ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ဘုန်းခန့်ဇော်က လူငယ်နှင့်စာဖတ်ခြင်း၊ မောင်မျိုးမြတ်သူက လူငယ်နှင့်ကိုယ်ကျင့်တရား၊ မမေသူသူငြိမ်းက လူငယ်နှင့်ရည်မှန်းချက်၊ မစုသဉ္ဇာနွယ်က လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးသည်။ ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်လူငယ်ရေးရာ နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)