နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေး၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်စေ‌ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အဆောက်အဦတွင် အသုံးပြုတပ်ဆင်မည့် မျက်နှာကျက်ဒီဇိုင်းများ၊ အရောင်များ ရွေးချယ်ထားရှိမှုများကို တင်ပြရာ လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ပစ္စည်းများအား စနစ်တကျထားရှိအသုံးပြုရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် ပိတောက်အိမ်ရာသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများပြန်လည်ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက်၊ အခန်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ တာဝန်ရှိသူများမှ စနစ်ကြီးကြပ်ဆောင်ရွက်ရေးနှင့် လုပ်သားအင်အားတိုးမြှင့်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်‌ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန် ကျောင်းတွင်း၊ ကျောင်းပြင် ရှင်းလင်းဆောင်ရွက်ထားရေး၊ ရေဝပ်သည့်နေရာများအား ရေများဖောက်ထုတ်ခြင်း၊ သဲ၊ ကျောက်များခင်းခြင်းတို့ကို ဆောင်ရွက်ရန်မှာကြားကာ ကျောင်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် မတည်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပင်လောင်းလမ်းဆုံ အိုင်စောက်ကျေးရွာကြား လမ်းဘေးရေ‌မြောင်းများ ရေစီးရေလာကောင်းမွန်‌စေရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေမြောင်းများအား သတ်မှတ်အရွယ်အစားအတိုင်း စနစ်တကျတူးဖော်ရေး၊ ရေမြောင်းများအားစနစ်တကျ ရှင်းလင်းဆောင်ရွက်ထားရေး၊ Box Culvert များတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်ထားရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် မအူတောကျေးရွာအုပ်စု စိမ်းစားပင်‌ကျေးရွာ စနစ်ကျလယ်ယာမြေ ရှင်းလင်းဆောင်သို့သွားရောက်ပြီး တောင်သူများနှင့် တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး မိုး၊ ဆောင်း၊ နွေ ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ ကြဲခင်းစနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်များ အသုံးပြုစိုက်ပျိုးရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ မျိုးစပါးများနှင့် မျိုးစေ့ချကိရိယာများအား တောင်သူများထံပေးအပ်ပြီး တောင်သူများ၏ တင်ပြချက်များအပေါ်  သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် (၇၈)နှစ်မြောက်အာဇာနည်နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊  ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့  ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်ထံမှ သံဝေဂကထာတရား နာကြားပြီး အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရေစက်သွန်းလောင်းအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)