ဇေယျာသီရိ ဇူလိုင် ၁၈
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြစန်းရီက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေလေ့လာဖတ်ရှုကြစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ရရှိသည့်ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နှုတ်စွမ်းရည်များတိုးတက်ပြီး ပရိသတ်ရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲသည့် သတ္တိများရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်သော်နှင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင် ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။
ယင်းနောက် အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)