နေပြည်တော် ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းလွင်က (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပရခြင်းနှင့် နံရံကပ်စာစောင်ပြသရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ခိုင်မင်းနေပြည်တော်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်သူရဲကောင်းကြီးများ၏အကြောင်းများနှင့် အာဇာနည်စိတ်ဓာတ်ထားရှိရေးတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီး(၉)ဦး၏ ကိုယ်ရေးအထုပ္ပတ္တိများ၊ မှတ်တမ်းဓါတ်ပုံများကို ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)