တပ်ကုန်း ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းများ ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်း ၁၃၁၄ ဧက လျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီတပ်ကုန်းနယ်မှာ မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့ ၁၃၁၄ ဧကလျာထားစိုက်ပျိုးပြီး၊ ယနေ့ထိ ၁၄၁၄ ဧကစိုက်ပျိုးပြီးဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာမှာ ကုန်ကျစရိတ် သက်သာပြီး၊ တွက်ခြေကိုက်သီးနှံလည်းဖြစ်ပါတယ်၊ ပြောင်းရိုးကို ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ် အသုံးပြုရတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။
တပ်ကုန်းမြို့နယ်တွင် အစေ့ထုတ်ပြောင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်ရရှိစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးနည်းပညာရပ် ပြုလုပ်ဆောင်ရွက်ရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်