ဇမ္ဗူသီရိ ဇူလိုင် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် စိတ်ဓာတ်နှင့်လုပ်ရပ်ကို အတုယူတတ်စေရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို အမြဲအောက်မေ့သတိရနေစေရန်ရည်ရွယ်၍ လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများအား ဟောပြောဆွေးနွေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသော ကျောင်းသား ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေး စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)