နေပြည်တော် ဇူလိုင် ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်၊ အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်သို့ သွားရောက်ပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မဟော်ဂနီပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ မဟော်ဂနီ၊ ကုက္ကိုလ်၊ ပိတောက်နှင့် ခရေ ၂၀၀ ပင် စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ကံကြီးမွေးမြူရေးဇုန် ယာယီရှင်းလင်းဆောင်တွင် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲပြုလုပ်ရာ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ ကံကြီးမွေးမြူရေးဇုန်တွင် တိရိစ္ဆာန်များမွေးမြူထားရှိမှုအား ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ နေပြည်တော်အတွင်း စားရေရိက္ခာ ဖူလုံစေရေးအတွက် အသားတိုးနွား၊ ဒေသနွား၊ ဆိတ်နှင့် ဥစားကြက်များ တိုးချဲ့မွေးမြူရန်လိုအပ်ကြောင်း၊ လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူနိုင်ရေးနှင့် တိရိစ္ဆာန်အစာမြက်များနှင့် နှံစားပြောင်းများကို ကိုယ်တိုင်စိုက်ပျိုးကျွေးမွေးသွားရန်လိုကြောင်း၊ တိရိစ္ဆာန်များ တိုးချဲ့မွေးမြူခြင်းနှင့် တိရိစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်းကို တစ်ချိန်တည်းတစ်ပြိုင်တည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးဇုန် စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရအပင်များ၊ လေကာပင်များကို တိုးချဲ့စိုက်ပျိုးသွားရန်လိုကြောင်း၊ တိရိစ္ဆာန်များကိုလည်း မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်မွေးမြူသွာရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ မှာကြားပြီးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကံကြီးမွေးမြူရေးဇုန်ရှိ ဦးတင်စိုး၏ ဒေသနွား ၇၃ ကောင် မွေးမြူထားရှိသည့်ခြံနှင့် ဦးဝင်းသူရ၏ နို့စားနွား ၁၉ ကောင်၊ အသားတိုးနွား ၁၁ ကောင် မွေးမြူထားရှိမှုနှင့် တိရိစ္ဆာန်အစာ နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒေါက်တာမြတ်စံ၏ ဥစားကြက် အကောင်(၂)သောင်း မွေးမြူထားရှိသည့်ခြံအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဦးမောင်မောင်ညွှန့်၏ နို့စားနွား ၂၁ ကောင် မွေးမြူထားရှိမှုနှင့် တိရိစ္ဆာန်အစာ နေဗီယာမြက်နှင့် အစ္စရေးမြက်ချို စိုက်ပျိုးထားရှိမှုများ၊ ဦးတွမ်ခင်ဝင်း၏ နို့စားနွား ၁၂၅ ကောင် မွေးမြူထားရှိမှုနှင့် တိရိစ္ဆာန်အစာ နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တော်ဝင်ရတနာ လမ်း၊ ရာဇဌာနီလမ်း၊ ရာဇသင်္ဂဟလမ်းနှင့် ပျဉ်းမနား-တောင်ညိုလမ်းများသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အားနှင့် စက်ယန္တရားအင်အားများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော တိုက်အမှတ် (၄၃၁၂) အား ဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ဆယ်တင်ပစ္စည်းများ စနစ်တကျထားရှိရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မင်္ဂလာကန်သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကမ်းထိန်းနံရံများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)