မက်မန်းမြို့တွင် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်

မက်မန်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ကြီးမှူးကျင်းပသည့် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မက်မန်းမြို့ တြိဂံလမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းမှ အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝေယံထွန်းက စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေးနှင့် အမှိုက်များခွဲခြား၍စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး  အမှိုက်ပုံးများအရောင်ခွဲခြားသတ်မှတ်ခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိက စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြခဲ့ကာ တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ပြည်သူလူထုများက စနစ်တကျ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ပြည်သူလူထုများတက်ရောက်ခဲ့ကြကာ အခမ်းအနားသို့ တက်ရောက်လာသူများအား စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇက်ထွန်း(မက်မန်း)