နေပြည်တော် ဇူလိုင် ၁၆
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်က အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ ခိုင်မင်း(နေပြည်တော်)က “စာမျက်နှာသုံးဆယ့်နှစ်” ခေါင်းစဉ်ဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထုပ္ပတ္တိများ၊ ကြည်ညိုလေးစားဖွယ်စိတ်နေစိတ်ထားများ၊ လေးစားအတုယူဖွယ်ဆောင်ရွက်ချက်များအကြောင်းကို ဇာတိသွေးဇာတိမာန်များ တဖွားဖွားပေါ်ပေါက်လာအောင် အကျယ်တဝင့် အသိပညာပေးဟောပြောသည်။
ထို့နောက် (၇၈) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာမှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကိုကျင်းပပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရိသည်။
နေထက်ပိုင်(ပြန်/ဆက်)