နေပြည်တော် ဇူလိုင် ၁၆
နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲများတွင် နေပြည်တော်ကိုယ်စားပြု အားကစားအသင်းများမှ အောင်မြင်မှုရရှိရေးနှင့် နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းလာစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်၏ အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရာမှာ အားကစားနည်းအလိုက် အုပ်ချုပ်သူများ၊ နည်းပြများ၊ အဖွဲ့ခေါင်းဆောင်များမှ အတူတကွ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အားကစားအသင်းတစ်သင်း အောင်မြင်မှုရရှိရန်အတွက် အရည်အချင်းရှိသော အားကစားသမားများပါဝင်နိုင်ရေး၊ အဆင့်မီသည့်နည်းပြများနှင့် အားကစားသမားများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများမှာ နေပြည်တော်ကိုယ်စားပြုအားကစားအသင်းများ အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြရန်လိုကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မီးခဲပြာဖုံး အရည်အချင်းရှိသော အားကစားသမားများ ရှာဖွေလေ့ကျင့်ပေးခြင်း၊ အားကစားပြိုင်ပွဲများ စဉ်ဆက်မပြက်ကျင်းပခြင်း၊ အရည်အချင်းပြည့်ဝသော နည်းပြများမွေးထုတ်ပေးခြင်း၊ လိုအပ်ချက်များကို ဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ပြိုင်ပွဲများဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားနည်းများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာအားကစားနည်းအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)