ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

မြစ်ကြီးနား ဇူလိုင် ၁၅

နိုင်ငံတော်အတွင်း လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက်ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းကို ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တီမ ရည်မှန်းချက်သည် အ‌ရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများအားလုံး၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ နည်းလမ်းကျနမှန်ကန်မှုရှိ စေရေးတို့အတွက် တစ်စိုက်မတ်မတ် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကချင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မဲပေးစက်များ စနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေးနှင့် စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊ လုံခြုံရေးစသည့် လုပ်ငန်းစဉ်များပါ လိုအပ် သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့သင်တန်းတွင် အသုံးပြုမည့် မဲပေးစက်(MEVM)သည် ရိုးရှင်း၍ လုံခြုံစိတ်ချရသော စနစ်ဖြင့် တည်ဆောက်ထားပြီး မဲပေးရာတွင် မြန်ဆန်လွယ်ကူပြီး ပယ်မဲမရှိဘဲ အချိန်တိုအတွင်း တိကျသော မဲရလဒ်များ ရရှိနိုင်မည်ဖြစ်သည့် အတွက် တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေမည်ဖြစ်ပါကြောင်း၊ ထိုသို့ မဲပေးစက်ဖြင့် မဲပေးခြင်းသည် မိမိတို့နိုင်ငံတွင် ပထမဆုံးကျင်းပဆောင်ရွက်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျ ကိုင်တွယ်နိုင် ရေးသည် အဓိကကျသည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် မဲပေးစက်လုပ်ငန်း စဉ်များအပေါ် သိရှိနားလည်၍ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်အောင် ကြိုးစားလေ့လာသင်ယူ ထားကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ အီလက်ထရေစနစ်မဲပေးစက် တည်ဆောက်ပုံ၊ ထိန်းချုပ်စက်ကိုင်တွယ် အသုံးပြုခြင်း၊ မဲရလာဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ၊ မဲ ပေးစက်၏ လုံခြုံစိတ်ချရမှုစသည့် အချက်အလက်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

သင်တန်းတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ အခြေခံပညာ ဆရာ/ ဆရာမများပါဝင်သည့် သင်တန်းသား/ သင်တန်းသူ (၁၀၀)ကျော်တို့အား ပြည်နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အရာထမ်းများက မဲပေးစက်အသုံးပြုနည်းများ၊ မဲရုံအဖွဲ့ဝင်က ထိန်းချုပ်စက် ကိုင်တွယ်အသုံးပြုခြင်း၊ မဲရလဒ်များ ထုတ်ယူခြင်းစသည့် လုပ်ငန်းစဉ်များအား (၂) ရက်ကြာ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပညာရေးဒီဂရီကောလိပ်၌ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ အခမ်းအနားကို သင်တန်းသား/သင်တန်းသူများက ဉာဏစစ်သည်တေးသီချင်းသီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်များသည် အနာဂတ်နိုင်ငံ့ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာတီထွင်ဖန်တီးသူများ၊ငြိမ်းချမ်းရေးဖော်ဆောင်သူများ၊ စွန့်ဦးတီထွင်သူများနှင့်ဖွံ့ဖြိုး  တိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်သော လုပ်ငန်းအင်အားစုများ၊ လူ့စွမ်းအား အရင်းအမြစ်များဖြစ် သည့်အတွက် နယ်ပယ်ကဏ္ဍပေါင်းစုံတွင် လူငယ်များ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို မိမိ တို့အားလုံးက ဝိုင်းဝန်းဖန်တီးပုံဖော်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခုလို လူငယ်များနှင့် အားကစား ကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြေပွဲများ ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် စည်းလုံးညီညွတ်၍ သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင် သော၊ တွေးခေါ်နိုင်စွမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ နိုင်ငံကြီးသားပီသပြီး၊ တာဝန်ယူမှု တာဝန်ခံမှု၊ အတ္တနှင့် ပရမျှတသော လူကျင့်ဝတ်လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သော လူတော်လူကောင်းများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံလူဦး‌ရေ၏ ၃၄ ရာခိုင်နှုန်းနီးပါးသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိကြသည့် လူငယ်များပင်ဖြစ်သည့်အတွက် တိုင်းပြည်လူထု၏သုံးပုံတစ်ပုံရှိနေပါကြောင်း၊ ထို့အတူ နိုင်ငံတော်က အားကိုးအားထားရသည့် လူငယ်များဖြစ်လာစေရေး လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရေးအတွက် လူငယ်ရေးရာမူဝါဒကိုရေးဆွဲပြဋ္ဌာန်းပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက် ၂၀၂၅-၂၀၂၉ ကိုလည်း ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အသိပညာပေးဟောပြောပွဲများ၊သင်တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် လူငယ်များနှင့်ပိုမိုကောင်းမွန်သည့် အနာဂတ်လူအဖွဲ့အစည်းကို တည်ဆောက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)ကျောင်းအုပ်ကြီးထံ ချီးမြှင့်ထောက်ပံ့ငွေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက အသိပညာပေးဟောပြောပွဲတွင် ပါဝင် ကူညီခဲ့ကြသော ဘင်ခရာအဖွဲ့နှင့် ဖျော်ဖြေရေးအဖွဲ့များထံ လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းသား/ သင်တန်းသူများ၏ ရိုးရာတေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ဆရာ၊ ဆရာမများ၊ သင်တန်းသား/သင်တန်းသူများနှင့် အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)