နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် မိုးစပါး၊ မြေပဲသီးနှံများအတွက် မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်၊ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဂတ်ချိုင်းကျေးရွာတွင် မိုးစပါး၊ မြေပဲသီးနှံများအတွက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ထုတ်လုပ်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးကောင်းမွန်သော သီးနှံများ၊ မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် သား၊ ငါးကဏ္ဍများ ဖွံ့ဖြိုးလာစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများ ရာသီပြည့်စိုက်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရန်၊ မြေအောက်ရေတင်စနစ်ဖြင့် ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဆက်စပ်ဌာနများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းက မိုးစပါး၊ မြေပဲသီးနှံများအတွက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ နေပြည်တော်ကောင်စီဝင်နှင့် ဦးစီးအရာရှိတို့က ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက ရွေးစုကျေးရွာအနီး၊ ဆင်သေဆည် လက်ယာလက်တံ မိုင်နာ ၂ ရေပေးမြောင်း ၇၂၀၀ ပေ ဘူးဖော်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ရေမြောင်းတူးဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရွေးစုကျေးရွာစိုက်ပျိုးစီပွားအသိပညာပေးစင်တာ(KC)ခန်းမ၌ ကျေးရွာသူ/သားများနှင့်တွေ့ဆုံကာ မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရန် ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ အနော်ရထာရပ်ကွက်၊ မြို့ရှေ့ရွာဦးစန္ဒာရုံကျောင်းတိုက်၊ ဘဒ္ဒန္တစန္ဒသီရိသက်တော်ရှည်ဆရာတော်အား ဖူးမြော်ကြည်ညို ပြီး ဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ကံကြီးမွေးမြူရေးဇုံ ရှင်းလင်းဆောင်သို့ရောက်ရှိပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဇုံမြေနေရာ၊ တိရစ္ဆာန် အစာစိုက်ပျိုးထားရှိမှု၊ နွား၊ ဆိတ်၊ ကြက်မွေးမြူရေးအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးထိုက်က ကံကြီးမွေးမြူရေး ဇုံမြေနေရာနှင့်မွေးမြူထားရှိမှု၊ တိုးတက်လာမှုများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရွှေကောင်းကင် နွားမွေးမြူရေးခြံ၊ ဝင်းမိသားစုနွားမွေးမြူရေးခြံ၊ မြတ်သိင်္ဂါကြက်မွေးမြူရေးခြံ၊ ပြည်သာနိုင် နွားမွေးမြူရေးခြံများနှင့် တိရစ္ဆာန်အစာနေဘီယာစိုက်ခင်းများ၊ အစာသိုလှောင်ထားရှိမှုများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်