ပုဗ္ဗသီရိမြို့နယ်၊ ကျောင်းကုန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပ

ပုဗ္ဗသီရိ ဇူလိုင် ၁၅

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ကျောင်းကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ ကျောင်းကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူငါးဦးက လူငယ်နှင့်စာရိတ္တ၊ စာကြည့်တိုက်ကိုသွားကြပါ၊ ယနေ့လူငယ်နှင့်မြန်မာ့ယဉ်ကျေးမှု၊ လူငယ်များသိသင့်သော ပညာရေးအယူအဆများ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးကပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)