နေပြည်တော် ဇူလိုင် ၁၅
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် အခမ်းအနားပြင်ဆင်ရေး၊ သံဃာတော်များ ပင့်ဖိတ်ရေးနှင့် ကြိုဆိုပင့်ဆောင်ရေး၊ လူပုဂ္ဂိုလ်များ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ သံဃာတော်များ ဆွမ်းဆက်ကပ်ရေး၊ ဧည့်သည်တော်များနှင့် လူပုဂ္ဂိုလ်များ ဧည့်ခံကျွေးမွေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)