ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်တွင်း ရေကြည်ချောင်းပေါက် ရေထိန်းတံခါးအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ‌ဆောင် ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်အား ဒေသတွင်း တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ခေတ်မီပြခန်း/ ပြကွက်များဖြင့် အများပြည်သူသိရှိလေ့လာနိုင်ရေးအတွက် တည်ဆောက်ပြီးစီးခဲ့သည့် တိုးချဲ့အဆောက်အအုံသစ်အတွင်း ပြခန်း/ပြကွက်များ ခင်းကျင်းပြသထားရှိမှုများနှင့်စပ်လျဉ်း၍ မြေညီထပ်တွင် ကချင်ပြည်နယ်၏ အထင်ကရ နေရာများပါဝင်သည့် ပြည်နယ်မိတ်ဆက်ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယထပ်၌ ကချင်တိုင်းရင်းသားတို့၏ အထင်ကရပွဲတော်ဖြစ်သည့် မနောပွဲတော်အား မနောကွင်းငယ်၊ မနောကသူများဖြင့် ခင်းကျင်းပြသထားရှိမှု၊ Digital ပြဘုတ်ဖြင့် မနောပွဲတော် ကျင်းပခဲ့သည့် ဗီဒီယိုကလစ်ကိုလည်းကောင်း၊ ဌာနေတိုင်းရင်းသားများဖြစ်သည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားတို့၏ သမိုင်းမှတ်တမ်းနှင့် ဝတ်စားဆင်ယဉ်မှုများကိုလည်းကောင်း၊ မြေညီထပ်တွင် ကချင်တိုင်းရင်းသားများ၏ ရိုးရာရက်ကန်းလုပ်ငန်း၊ ရိုးရာအဆင်ဒီဇိုင်းများကိုလည်းကောင်း၊ ဒေသတွင်း အထင်ကရပွဲတော်များကျင်းပသည့် သမိုင်းကြောင်းများနှင့် မှတ်တမ်းဓာတ်ပုံများကို လည်းကောင်း၊ အစည်းအဝေးခန်းမ ပြုလုပ်ထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး တိုင်းရင်းသားတို့၏ ဒြပ်ရှိ/ဒြပ်မဲ့ယဉ်ကျေးမှုများကို ပိုမိုစုံလင်စွာဖြင့် သမိုင်းအထောက်အထား ပြည့်စုံအောင် ခေတ်မီစနစ်များဖြင့် ပေါင်းစပ်ပြီး ရှင်းလင်းမြင်သာစွာ ပြသနိုင်ရေး၊ စာပေယဉ်ကျေးမှု အသင်းအဖွဲ့များဖြင့် ညှိနှိုင်းဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များ ဖြည့်ဆည်း‌ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့၌ မြို့ပြအင်္ဂါရပ်နှင့်အညီ ခေတ်မီသစ်လွင်ပြီး ကချင်ရိုးရာပုံစံဒီဇိုင်း ဖြင့်တည်ဆောက်လျက်ရှိသည့် မြို့တော်ခန်းမသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး ရှင်းလင်းဆောင်၌ ခန်းမသစ်အား တာဝန်ယူတည်ဆောက်လျက်ရှိသော Jade Land Myanmar ကုမ္ပဏီတာဝန်ရှိသူက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ၂၅၅၅ ဒဿမ ၇၄ ဖြင့် တည်ဆောက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဘဏ္ဍာနှစ်အလိုက် ဖြည့်စွက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အဆောက်အဦသစ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် ပြီးစီးအောင်‌ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပမ္မတီးရပ်ကွက်၊ ရေကြည်သို့သွားရောက်ပြီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ ရေကြည်ကွင်းဧရိယာ ၁၅ ဧကတွင် ရေဝပ်ဧရိယာဖြစ်ပေါ်နေမှုအပေါ် မိုးစပါးနှင့်ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေအပေါ် ရေဝပ်ခြင်းမဖြစ်ပေါ်စေရေး ရေမြောင်းဖောက်လုပ်၍ ရေထွက်ပေါက်နေရာ ချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး ရေကြည်ဈေးအတွင်း ဆည်မြောင်းနှင့်ရေသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေထုတ်မြောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကွန်ကရစ်လမ်းအားဖောက်၍ ရေထုတ်မြောင်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့မြစ်ရေကြီးမြင့်မှုမှ ကာကွယ်ရေးအစီအမံများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရေကြည်ချောင်း ရေထိန်းတံခါးတည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက်ပြီး ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက လုပ်ငန်းခွင်အတွင်း ရေထိန်းတံခါးတည်ဆောက်ရေးအတွက် အောက်ခြေဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စက်ယန္တရားများဖြင့် မြေပြင်ရှင်းလင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် စီမံကိန်းဧရိယာနှင့် မလွတ်သည့် နေအိမ်ခြံဝင်းများအား လည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရှင်းလင်းဆောင်၌ ပြည်နယ်ဦးစီးမှူး၏ ရေထိန်တံခါးတည်ဆောက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)