ဥတ္တရသီရိမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ဥတ္တရသီရိ ဇူလိုင် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဥ်အမြဲသတိရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။

ဟောပြောပွဲတွင် ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ နန်းယဉ်ယဉ်မိုးက အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဆွေဆွေဝင်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် အသက်ပေးပြီး စွမ်းဆောင်ကြိုးပမ်းခဲ့ကြသည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို အမြဲအောက်မေ့သတိရနေစေရန် စသည့်အကြောင်းအရာများနှင့် လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)