လယ်ဝေး ဇူလိုင် ၁၄
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားမှုဖြစ်ပွားခဲ့သည့် ကျေးရွာများအား ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများလိုက်ပါလျှက် လယ်ဝေးမြို့နယ်၊ ရှမ်းစုအုပ်စု၊ ရှမ်းစု(အနောက်) ကျေးရွာတွင် ပလွေးချောင်းရေတိုက်စားမှုကြောင့် နေအိမ်နှစ်လုံး ရွှေ့ပြောင်းနေမှုနှင့် ချောင်းရေတိုက်စားမှုများအား ကြည့်ရှုစစ်ဆေးကာ ချောင်းကမ်းပါး ယာယီထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများနှင့် တပ်မတော်သားများ ပူးပေါင်းကူညီဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ညိုပင်ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာတွင် ပလွေးချောင်းရေတိုက်စားမှုကြောင့် အိမ်ဝိုင်းခြံမြေများ ပြိုကျ ပျက်စီးနေမှုများနှင့် တစ်ဖက်ကမ်းရှိ ဝဲကြီးကျေးရွာသို့သွားရောက်၍ ချောင်းရေဖြောင့်တန်းစွာ စီးဆင်းရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးသည်။ ထို့နောက်သုံးတန်ကူး ကျေးရွာကမ်းပါးတွင် ပလွေးချောင်း ရေတိုက်စားမှုအား ယာယီကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တပ်မတော်သားများ၊ အဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)