နေပြည်တော် ဇူလိုင် ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးနှင့် မြတ်လေးလမ်းသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားကာလုပ်ငန်း ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်၍ ယာယီရေတားတမံ တည်ဆောက်ထားရှိပြီး ရေထုတ်ပြွန် ပြန်လည်ပြင်ဆင်နေမှုအခြေအနေများ၊ ရေပိုလွဲဆောင်ရွက်ထားရှိမှုနှင့် ရေလွှဲမြောင်း ဖောက်လုပ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် လယ်ဝေးမြို့နယ်၊ ကြို့တန်း-ညိုပင်-ကွေ့ကြီး ကျေးရွာချင်းဆက်လမ်းတွင် နေပြည်တော်ကောင်စီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပန်းတောက်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် တမာ၊ ပိတောက်၊ ကုက္ကိုလ်၊ မန်ကျည်း စုစုပေါင်း ၅၀၀ ပင် စိုက်ပျိုးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ လှည့်လည်ကြည့်ရှုအားပေးပြီး ညိုပင်ကျေးရွာအဝင်လမ်းပြုပြင်ရန်အတွက် မတည်ရန်ပုံငွေများပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာကွင်းအမှတ် (၁၆၅၉)၊ တောင်သူဦးမျိုးနိုင်ဦး၏ လယ်တွင်ကျင်းပသည့် တောင်သူပူးပေါင်းပါဝင်သော သားဆက်လိုင်းများ မျိုးရွေးချယ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများက သားဆက်လိုင်းများမျိုးရွေးချယ်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စိုက်ပျိုးထားသော မျိုးစပါးစမ်းသပ်စိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ အင်ကြင်းပန်းအဝိုင်းအနီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းဘေးပလက်ဖောင်းများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ရာဇသင်္ဂဟလမ်းနှင့် ရာဇဌာနီလမ်းများသို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)