ဒလမြို့နယ်၌ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒလ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉:၃၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၂) ဦးရွှေလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်နိုင်လင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးပြောကြားရာတွင် ယနေ့အချိန်တွင် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုပြဿနာအား ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုအကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရာများ၊ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးရောဂါ၊ အသည်းကင်ဆာနှင့် အခြားကင်ဆင်ရောဂါအထိ ဖြစ်စေနိုင်ကြောင်း၊  မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် လိုက်နာရန် လိုအပ်သည့်အချက်များကို အသိပညာပေး‌ ဟောပြောခဲ့သည်။ ဆက်လက်၍ “အအေးပေးနည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေး အလေးထားဆောင်ရွက်ပေး” အကြောင်းအရာနှင့်ပတ်သက်၍ အအေးပေးနည်းပညာများအ‌ကြောင်း၊ အအေးပေးဒြပ်ပစ္စည်းများ စသည့်အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့ပြီး အအေးပေးနည်းပညာအကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့နောက်   တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေး ဗီဒီယို ပြသခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများမေးမြန်းကာ အ‌ဖြေမှန်ရရှိသူများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၂) ဦးရွှေလှိုင်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်တာ၀န်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)