အင်းစိန် ဇူလိုင် ၁၃
၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းတို့ကို ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စု၊ တောင်သူ ဦးအောင်လွင်၏ စံပြစိုက်ကွက်တွင် ဆောင်ရွက်ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်စု/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် လှည်းကူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးက မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြအနေကို ဖြည့်စွက် ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်မောင်ကြည်တို့က လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရက ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်များအား ရှင်းလင်းတင်ပြပြီး မြန်မာ့အာမခံလုပ်ငန်း သီးနှံအာမခံဌာန ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ဝါဝါအေးက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်တို့က တင်ပြလာသည်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် အမှာစကားပြောကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဓာတ်မြေဩဇာများကို ပေးအပ်ကြပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လယ်ထွန်စက်ကြီးများဖြင့် ထွန်ယက်နေမှုများ၊ တိုက်ရိုက်အစေ့ချ ကိရိယာ (Seeder) ဖြင့် သရုပ်ပြစိုက်ပျိုးနေမှု၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြနေမှု၊ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြနေမှု၊ စက်မှုလယ်ယာဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသည့် လယ်မြေပြုပြင်ရန် မြေဆွေးမြေဩဇာ ဆောင်ရွက်ထားရှိမှု၊ အပင်အားဆေး ဆောင်ရွက်ထားရှိမှုနှင့် EM ဘိုကာချီမြေဆွေးများ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် သရုပ်ပြစိုက်ပျိုးခဲ့သည့် တောင်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)