တပ်ကုန်း ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာများအတွင်း သဘာဝဘေးကြောင့် ပျက်စီးမှု၊ ပြန်လည်ဆောင်ရွက်ပေးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ ညှိနှိုင်းခြင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူက ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရေဘေးမှာ မကျီးပင်၊ ညောင်ပင်သာကျေးရွာများ ရေဘေးသင့်ခံခဲ့ရကြောင်း၊ ရေဘေးသင့်ကျေးရွာများတွင် နေပြည်တော်ကောင်စီအား၊ ဌာနဆိုင်ရာအား၊ ပြည်သူများနှင့် ပရဟိတအားဖြင့် ကယ်ဆယ်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ကဏ္ဍပေါင်းစုံ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက မကျီးပင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ တည်ထောင်ပေါ်ပေါက်လာပုံများ၊ သဘာဝဘေးကြောင့် ပျက်စီးမှု၊ ပြန်လည်ဆောင်ရွက်ပေးမှုနှင့်ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရွက်ရေးစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသော သက်ဆိုင်ရာကော်မတီအသီးသီးမှ ဆောင်ရွက်ရမည့်အစီအမံများ ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည့်လုပ်ငန်းပိုင်းဆိုင်ရာများ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်