ဗဟန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲ၊ ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဗဟန်း ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးဦးပန်းခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ ပြပွဲနှင့် အားကစားပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြေးခုန်ပစ်ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ရွှေတံဆိပ်များဆုရှင် မြန်မာ့လက်ရွေးစင်အားကစားသမား ဦးအောင်သီဟနှင့် အားကစားသမားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးကံဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူဟိန်းက လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးပြေးခုန်ပစ်ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ရွှေတံဆိပ်များဆုရှင် မြန်မာ့ လက်ရွေးစင်အားကစားသမား ဦးအောင်သီဟက အားကစားအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်အောင်မာဝင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အားကစားသရုပ်ပြအဖွဲ့က သရုပ်ပြခြင်း၊ ခြင်းလုံးအားကစားနည်းဖြင့် သရုပ်ပြခြင်း၊ မြန်မာ့သိုင်းအားကစားနည်းဖြင့် သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ကာ အားကစားသရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်