ပြင်ဦးလွင် ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာ အ.ထ.က (ခွဲ) တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတတိုးပွားစေရန်နှင့် စာကြည့်တိုက်ကို အသုံးချတတ်စေရန် ရည်ရွယ်၍ လမ်းပြကြယ် ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင် ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာစာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာကိုရွှေအောင်သင်းက ကျောင်းစာကြည့်တိုက်ဖြစ်မြောက်စေရေးနှင့် “လူငယ်နှင့်စာပေ”အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် လမ်းပြကြယ် ကျောင်းစာကြည့်တိုက်အား ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်နှင့် အ.ထ.က (ပြင်စာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ရီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးနောက် စာရေးဆရာကိုရွှေအောင်သင်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာပေများ လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတရရှိစေရန် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှတာဝန်ရှိသူများ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ တာ၀န်ရှိသူများ၊ မြန်မာစာပေယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များ၊ လွန်ကောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)