ပျော်ဘွယ် ဇူလိုင် ၁၃
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ဇူလိုင်လ (၁၂) ရက်၊ မွန်းလွဲ (၁) နာရီက လျှော်ဖြူကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိအောင် စာပေမှသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်းမှသော်လည်းကောင်း လေ့လာနိုင်မည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း၊ အလားတူ အခြေခံပညာအထက်တန်းကျောင်း (သိမ်ကုန်း) တွင်လည်း လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)