မဟာအောင်မြေ ဇူလိုင် ၁၃
မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ပြန်လည်ပြုပြင်မွမ်းမံရန် သီတဂူဗုဒ္ဓတက္ကသိုလ်မှ အလှူငွေလှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွှဲပိုင်းက (သီရိရွှေစင်) ကျောင်းအောက်ထပ်၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မဟာအောင်မြေခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မဟာအောင်မြေခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊တိုင်းသာသနာရေး ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်တို့ တက်ရောက်ပြီး မစိုးရိမ်တိုက်သစ်၊ ဓမ္မထေရိယ(သီရိရွှေစင်) ကျောင်းအောက်ထပ်၌ နိုင်ငံတော်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ်မဟာနာယကချုပ်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသ၊ နိုင်ငံတော်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝါသေဌဘိဝံသ (ဓမ္မသမိဒ္ဓိကျောင်း၊ မစိုးရိမ်တိုက်သစ်)၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသ (ဓမ္မဓိပတိကျောင်း) တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း)ပါ မစိုးရိမ်တိုက်သစ်နာယကဆရာတော် (၈) ပါးအား ဖူးမျှော်ကန်တော့၍ သီတဂူဗုဒ္ဓတက္ကသိုလ်မှ မစိုးရိမ်တိုက်သစ် ပြန်လည်ပြုပြင်မွမ်းမံရန် အလှူငွေလှူဒါန်းခြင်းအခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ နိုင်ငံတော်သံဃာ့နာယကဒုဥက္ကဋ္ဌ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူခြင်း၊ သီတဂူဗုဒ္ဓတက္ကသိုလ် ကိုယ်စား သုဓမ္မမဏိဇောတဓရ ဦးအောင်နိုင်ဆွေ(သီရိရွှေစင်ရွှေဆိုင်)မှ အလှူငွေသိန်း (၁၀၀၀) ကျပ်လှူဒါန်းခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ လက်ခံခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း