နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ငါးမျိုးစိုက်ထည့်ပွဲနှင့်  မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်-၁၈ အခြေခံ ပညာ အထက်တန်းကျောင်း၌ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသောယဉ်ကျေးလိမ္မာပြီးစဉ်းစားတွေးခေါ်၍ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားနိုင်သည့် လူငယ်များဖြစ်စေဖို့ဖြစ်ကြောင်း၊ နောင်အနာဂါတ်တွင် နိုင်ငံတော်ကအားထားရမည့် အသိပညာရှင်အတတ်ပညာရှင် သားကောင်းသမီးရတနာတွေဖြစ်လာစေဖို့ ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များတွင် ရိုးသားဖြောင့်မတ်၊ စေတနာ၊ သဒ္ဒါတရားရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်နဲ့ ပညာပြည့်ဝနှလုံးလှသည့် လူကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်ရဲ့လူမှုရေးဦးတည်ချက်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေနှင့် အဓိကစွမ်းအားစုဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရန် ဦးတည်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်ရန် လူငယ်များအနေနှင့်အသိပညာ၊ အတတ်ပညာပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် လူကောင်းလူတော်တွေဖြစ်ရန်လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းအလေ့အထကိုပြုလုပ်ရန်နှင့် ကိုယ်ချင်းစာတရားထားရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်အတွက် သုတစာပေ၊ ရသစာပေများကိုလည်း ဖတ်ရှုလေ့လာမှတ်သားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က အမှာစကားပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက AI အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောမည့် Naypyitaw State Polytechnic University မှ  ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဝင်းပပအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်း ရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများနှင့် စာအုပ်များပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ Naypyitaw State Polytechnic University မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းပပက AI အကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး နေပြည်တော်လူငယ်ရေးရာတာဝန်ခံမှ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိ မေးမြန်းခြင်းနှင့် ဆုလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်သို့သွားရောက်ပြီး နေပြည်တော်ကောင်စီမှ ကျင်းပပြုလုပ်သော ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌမှ မင်္ဂလာကန်အတွင်းသို့  ငါးမျိုးများစိုက်ထည့်ပေးပြီး ဆက်လက်၍ တက်ရောက်လာကြသူများမှ ထိုင်းငါးခုံးမနှင့် ငါးမြစ်ချင်း စုစုပေါင်း ၅၀၀၀ ကောင် အား စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

ယင်းနောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဌဖလား မြို့နယ် ပေါင်းစုံရိုးရာခြင်းလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည်  မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ပျဉ်းမနားမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းမှ ဗိုလ်လုပွဲယှဉ်ပြိုင် ခတ်ကစားနေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ပြိုင်ပွဲတွင် တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသော မြို့နယ်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို နေပြည်တော်ကောင်စီဝင်များက ပေးအပ်ချီးမြှင့်ကြပြီး ပထမဆုရရှိသော ပျဉ်းမနားမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကြီးနှင့် ငွေသားဆုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ ပေးအပ်ချီးမြှင့်ခဲ့‌သည်။

ယင်းနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)