မြောက်ဥက္ကလာပမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မြောက်ဥက္ကလာပ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတတိုးပွားစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်  ၉ နာရီက အမှတ် (၄၀) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (တာ၀န်ခံ)ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၊ ကဗျာရွတ်ပြိုင်ပွဲများဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအား ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်း၀င်းဇော်က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်သော ကဗျာရွတ်ပြိုင်ပွဲတွင် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမှတ်(၄၀)အခြေခံပညာမူလတန်းကျောင်းရှိ Grade-5 နှင့် Grade-4 အတန်းများမှ ကျောင်းသားလေးများက "အောင်ဆန်းဇာနည်"ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဖတ်ခဲ့ကြပြီး ‌ဂိမ်းကစားနည်းပြိုင်ပွဲများ ဆက်လက်ကျင်းပရာ Kg မှ Grade-3 ထိ ကျောင်းသား၊ ကျောင်းသူလေးများက  ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိသူများကို  တာ၀န်ရှိသူများက ဆုများအသီးသီးချီးမြှင့်‌ပေးခဲ့ကြသည်။

ယင်း‌နောက် အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အမှတ်တရလက်ဆောင်များပေးအပ်ကြရာ အမှတ်(၄၀)အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ချောချော၀င်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ် ဗီနိုင်း၊ ပိုစတာ၊ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)