နေပြည်တော် ဇူလိုင် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ဦးနှင့် ဦးစီးအရာရှိ ဦးအောင်ရာဇာဖြိုးတို့ ကြီးကြပ်၍ မီးသတ်အဖွဲ့ဝင်များဖြင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာတုံ့ပြန်ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် OIAC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲတွင် ဒက္ခိဏခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ဦးက ဦးစီးဌာန၏လုပ်ငန်းတာဝန်နှင့်ရည်မှန်းချက်များ၊ မီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရင်းများ၊ ကာကွယ်ရမည့်နည်းလမ်းများနှင့် ရေဘေး၊ ငလျင်ဘေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များ၊ ကယ်ဆယ်ရေးလုပ်ဆောင်ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များက ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုသည့်ပစ္စည်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများအား လက်တွေ့သဏ္ဌာန်တူသရုပ်ပြသခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုခြင်း၊ ဆီမီးလောင်မှု၊ ဂတ်စ်မီးလောင်မှု၊ ငြှိမ်းသတ်သရုပ်ပြသခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ဘေးကင်းလွတ်မြောက်ရာသို့ ရောက်ရှိနိုင်စေရန် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူရဦး