ထန်းတပင်မြို့နယ်၌ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ထန်းတပင်(ရန်ကုန်)၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကာ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များစုပေါင်း၍ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ (၉) ရက်နေ့၊ နံနက်ပိုင်းက ထန်းတပင်မြို့နယ် လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိဗ္မိတာရုံကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တစိန္တိတ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် စုပေါင်း ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန့်တော့ခဲ့ကြ၍ အခမ်းအနားကို စတင်ခဲ့ကြကာ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိဗ္မိတာရုံကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တစိန္တိတ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ် နာယူခဲ့ကြကြောင်းလည်း သိရသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိဗ္မိတာရုံကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တစိန္တိတနှင့် သံဃာတော်အရှင်သူမြတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထူအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချတရားတော်မြတ် နာယူခဲ့ကြကာ ကောင်းမှူကုသိုလ် အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)