လှည်းကူး ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်အတွင်း သန့်ရှင်းသာယာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်ရန်၊ အမှိုက်သိမ်းဆည်းမှု လွယ်ကူစေရန်အတွက် အမှိုက်ပုံးများ အရောင်ခွဲခြားထားရှိပြီး အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ ထားရှိဆောင်ရွက်ခြင်းကို မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် ဈေးများ၌ စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှိုက်များ စွန့်ပစ်ရာ၌ အမှိုက်ပုံးကို အဝါ၊ အစိမ်း၊ အနီ၊ အပြာဖြင့် အရောင်လေးမျိုးခွဲခြားထားရှိပြီး အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတို သံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများဖြစ်သော မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအတွက် အပြာရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ စွန့်ပစ်ရမည်ဖြစ်ကြောင်း မြို့နယ်ရေနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်းငန်းကော်မတီမှဦးဆောင်၍ အသိပေးဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အတွင်း အဆိုပါအမှိုက်ပုံးများကို ဌာနဆိုင်ရာရုံးများ၊ ပန်းခြံများ၊ စျေးများ၊ စာသင်ကျောင်းများတွင် စွန့်ပစ်အမှိုက်များအား အမျိုးအစားလေးမျိုး ခွဲခြား၍ သတ်မှတ်အမှိုက်ပုံးတွင်သာ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့မစျေးတို့တွင် စတင်ထားရှိ အသုံးပြုလျက်ရှိပြီး ကျန်ရှိသော ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင်လည်း ဆက်လက်ထားရှိအသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)