နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကော်မတီအစည်းအဝေးတက်‌ရောက်

နေပြည်တော် ဇူလိုင် ၁၂

နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေး‌ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာနေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင်နိုင်ငံတော်အနေဖြင့် ခေတ်သစ်စနစ်သစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်‌ရှိ‌ကြောင်း၊ ကလေး သူငယ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးဆုံးအချိန်ဖြစ်သည့် အစောပိုင်းကာလနှစ်များတွင် ကလေးငယ်များ၏ဖွံ့ဖြိုးလျက်ရှိသည့် ကွဲပြားသော ဉာဏ်ရည်များကို အခြေခံအုတ်မြစ်အဖြစ် မှတ်ယူကာ တန်ဖိုးရှိသောသားငယ်၊ သမီးငယ်လေးများအဖြစ် မှတ်ယူစေလိုကြောင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လိုအပ်တဲ့ပံ့ပိုးမှုကို ရရှိထားသော ကလေးများသည် လူ့ဘောင်အသိုင်းအဝိုင်းကြားတွင် ဘက်စုံတော်သော ကလေးဖြစ်လာမည်ဖြစ်‌ကြောင်း၊ နေပြည်တော်အတွင်း၌ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း ၈ ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း ၁၀၁ ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၀ ကျောင်းနှင့် မိခင်ဝိုင်း ၂၇ ဝိုင်းဖြင့် ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း၊ အနာဂတ်၏ကြယ်ပွင့်လေးများ ဖြစ်‌သည့် သားငယ်၊ သမီးငယ်လေးများကို နိုင်ငံတော်အတွက် အရည်အသွေးရှိသော ကြယ်ပွင့်လေးများဖြစ်အောင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်စေလိုကြောင်းပြောကြား သည်။

ယင်းနောက် နေပြည်တော်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက လုပ်ငန်းဆောင်ရွက်ချက်များနှင့်အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေး‌‌တင်ပြကြရာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွတ်ညှိနှိုင်းဆာင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အောင်သူရဦး