ရန်ကုန် ဇူလိုင် ၁၂
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် (၁၀)နာရီအချိန်က အ.ထ.က(ကျောင်းကုန်းဆိပ်ကြီး) ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မိုးရာသီကာလအတွင်း အဖြစ်များသော ရာသီတုပ်ကွေးများအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့်ပတ်သက်ပြီး လိုက်နာသတိပြုဖွယ်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအကြောင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်၊ ပြန်/ဆက်)