တံတားမြို့လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

တံတား ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်‌စေရန်ရည်ရွယ်၍ ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က လူကုန်ကူးမှုပြဿနာတွေဟာ ယနေ့ထိတိုင်အောင် မိမိနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အမျိုးသား၊ အမျိုးသမီး ကလေးသူငယ်တွေကို ငွေကြေးနှင့်သွေးဆောင်ဖြားယောင်းပြီး အလုပ်ကြမ်းများ လိမ်ညာခိုင်းစေခြင်း၊ ငွေကြေးလိမ်ညာမှုပြုခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အလိုမတူခိုင်းစေခြင်း၊ အရွယ်မရောက်သေးသူများကို အခြားနိုင်ငံသားတွေနဲ့ ထိမ်းမြားလက်ထပ်စေခြင်း စသော လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်တွေ များစွာရှိကြောင်း၊ လူကုန်ကူးမှုဆိုတာ တကယ်တော့ လူ့အသိုက်အဝန်းကို ဆုတ်ယုတ်ပျက်‌စီးစေကြောင်း၊ လူ့အသိုင်းအဝိုင်းကို လုံခြုံမှုကင်းမဲ့စေကြောင်းနှင့် လူကုန်ကူးမှုကိုတိုက်ဖျက်ဖို့ရာ လူတစ်ဦးချင်းက‌ရော‌၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကရော  ယခုထက်ပိုပြီး  ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ကမ္ဘာ့နိုင်ငံအားလုံးကပါ ပါဝင်‌ဆောင်ရွက်သင့်ကြောင်းကို ပြောကြားခဲ့သည်။

ထို့နောက် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)