တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-ပြည် ကားလမ်းပေါ်သို့ သစ်ပင်လဲကျ၍ ကားလမ်းပိတ်ဆို့မှုဖြစ်ပွား

တိုက်ကြီး ဇူလိုင် ၁၂              

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကံကုန်းကျေးရွာ ရန်ကုန်-ပြည် ကားလမ်းပေါ်သို့ သစ်ပင်လဲကျ၍ ကားလမ်းတစ်ခြမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကံကုန်းကျေးရွာရှိ ရန်ကုန်-ပြည် ကားလမ်းပေါ်သို့ လုံးပတ် ၄ ပေခန့်၊ အမြင့်ပေ ၆၀ ခန့်ရှိ မလေးရှားပိတောက်ပင်တစ်ပင် လဲကျနေ၍ ကားလမ်း တစ်ခြမ်းပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ပြီး သစ်ပင်လဲကျမှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)