မင်္ဂလာဒုံမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မင်္ဂလာဒုံ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဝန်ထမ်း ဆရာ/ဆရာမများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းကြီးကျေးရွာတွင် အနော်ရထားလမ်းရှိ လူနေအိမ်များ၌ အုတ်ရေကန်၊ ရေတိုင်ကီ၊ ကျောက်စည်များအတွင်း အဘိတ်ဆေး(Abate) ခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း အသိပညာပေးခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ဝင်းဝင်းမာ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ပူးပေါင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

မင်းသိန်းထွန်း