ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)၌ ကျင်းပပြုလုပ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ ဝိုင်းမော်မြို့နယ် မိုင်းနားနှင့် နောင်ချိန်းကျေးရွာအုပ်စုများအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား မေ ၁၂

ကချင်ပြည်နယ်၊ ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)ရှိ သင်တန်းသား/သင်တန်းသူများအား ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီနှင့် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကောလိပ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့သိုင်းအားကစားနည်းသည် ရှေးဘုရင်များလက်ထက် နှစ်ပေါင်းများစွာကတည်းကရှိခဲ့ပြီး အစဉ်အဆက် မိဘမျိုးရိုးစောင့်ထိန်းလာခဲ့ကြကာ မိမိတို့လူမျိုး၏ ကိုယ်ခံအတတ်ပညာတစ်ခုအနေဖြင့် သင်ကြားခဲ့ရသည့် ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်အကြီးအကဲကလည်း မြန်မာ့သိုင်းအားကစားနည်းမှာ လူတိုင်းကစားနိုင်သည့် ကိုယ်ခံပညာအားကစားနည်းဖြစ်သည့်အတွက် နိုင်ငံတော်၏အားကစားအဖြစ် ဆောင်ရွက်သွားကြရန် လမ်းညွှန်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/ သင်တန်းသူများအနေဖြင့် မြန်မာ့သိုင်းအားကစားနည်းကို လေးစားစွာသင်ယူလေ့ကျင့်ပြီး ခန္ဓာကိုယ်ကျန်းမာကြံခိုင်ရေးနှင့် မိမိကိုယ်ကို ခုခံစောင့်ရှောက်နိုင်အောင် စနစ်တကျ သင်ယူလေ့လာကြရန် မှာကြားလိုသည့်အပြင် ယနေ့သင်တန်းတွင် ပါဝင်သူများနှင့် စီစဉ်သူများအားလုံးကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြချုပ် မြန်မာ့သိုင်းဆရာ ဦးချစ်သူက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်အတွင်း ဖွင့်လှစ်ပေးခဲ့သော နွေရာသီမြန်မာ့သိုင်းသင်တန်းမှ သင်တန်းဆင်း အခြေခံပညာ ကျောင်းသား/ ကျောင်းသူများနှင့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက ဗန်ဒိုလက်နက်မဲ့ သိုင်းပညာ၊ လက်နက်မဲ့သိုင်းစွမ်းရည်နှင့် လျှပ်တပြက် သိုင်းပညာများကို လည်းကောင်း၊ မြန်မာ့သိုင်းပညာရှင် ဦးချစ်သူက အဆင့်မြှင့်ဓားစွမ်းရည်ဖြင့်လည်းကောင်း သရုပ်ပြကစားပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း (၅၀)နှင့် ကျောင်းအတွက် အားကစားအထောက်အကူပြုပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ရာ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)သို့ သွားရောက်ပြီး နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာသန်စွမ်းကြံ့ခိုင်ပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်၊ လူရွယ်များ၊ လူ့စွမ်းအားအရင်းအမြစ် များစွာရှိရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလွဲမသွေ အဓိကလိုအပ်သည့် အင်ဂျင်နီယာပညာရပ်များနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာပညာရပ်များဖြစ်သည့်အတွက် ပညာထက်မြက်ရုံသာမက စိတ်ဓာတ် အရည်အသွေးပြည့်မီပြီး အင်ဂျင်နီယာကျင့်ဝတ်၊ ပညာရှင်ကျင့်ဝတ်များကို လေးစားလိုက်နာကာ နိုင်ငံတော်က အားထားရသူများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် လူငယ်များအား ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ပေးရေး၊ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု မြှင့်တင်ပေးရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များအဖြစ် ပြုစုပျိုးထောင်ပေးကြရန် မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာမင်းမင်းဦးက ကျောင်းဆိုင်ရာအချက်အလက်များ၊ သင်ကြားရေးဆိုင်ရာလုပ်ငန်းများနှင့် ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်စေရေး လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများ ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဖျော်ဖြေရေးအစီအစဉ်ဖြင့် ပါဝင်ပေးကြသည့် Malikha Music Band အဖွဲ့ အတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ သင်ကြား/ သင်ယူမှုအပြင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားသည့် မလိခတေးဂီတအဖွဲ့၏ တေးသံရှင်များနှင့်အတူ ကျောင်းသား/ ကျောင်းသူ များ၏ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာရှိ ကက်သလစ်အသင်းတော်ဝင်းအတွင်း ယာယီခိုလှုံရာစခန်း၌ ဒေသတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများအား စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် လိုအပ်သည်များကို အတတ်နိုင်ဆုံး ပံ့ပိုးပေးလျက်ရှိသည့်အပြင် နိုင်ငံတော်ကလည်း တစ်လတစ်ကြိမ် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းစီ ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အိမ်ထောင်စုများ မိုးတွင်းကာလ မိုးလုံလေလုံနေထိုင်နိုင်ရေး ယာယီအဆောက်အအုံများ တည်ဆောက်ပေးခဲ့ပါကြောင်း၊ ယနေ့ အိမ်ထောင်စုများအတွက် စားသောက်ကုန်များပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ စခန်းအတွင်းရှိ အိမ်ထောင်စုများနှင့် မိုင်းနားနှင့် နောင်ချိန်းကျေးရွာအုပ်စုတို့အတွင်းရှိ စခန်းပေါင်း (၂၃)ခုအပါအဝင် ဆွေမျိုးနေအိမ်များတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုစုပေါင်း (၂၆၅၄)စုတို့အတွက် စုစုပေါင်းငွေကျပ် (၆၇၂)သိန်းတန်ဖိုးရှိ ဆန်အိတ် (၂၆၅၄) အိတ်နှင့် စားဆီ ၁၄၀၀ ပိဿကို အသီးသီးပေးအပ်ကြရာ စခန်းတာဝန်ခံများက သက်ဆိုင်ရာစခန်းများအလိုက် နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)