တွံတေး ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒလမြို့နယ်သို့ ပြည်သူများသန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ရေပေးဝေရေး စခန်းများသို့ ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၈ နာရီက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပေးဝေရေးစခန်သို့ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ တွံတေး၊ ဒလမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့်အဖွဲ့ဝင်များ၊ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စည်ပင်၊ မီးသတ်၊ ပြန်/ဆက်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ကြက်ခြေနီနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) တွံတေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုနန္ဒာလင်းနှင့်တာဝန်ခံ ဦးတိုးတိုးအောင်(AE) တို့က ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းမှ ဒလမြို့နယ်ပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရန်ရေအဆင့်ဆင့်သန့်စင်ပုံနှင့် ရေပေးဝေမှုတို့အား ရှင်းလင်းခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေသန့်စင်စက်ရုံနှင့် ရေသိုလှောင်မှုတို့အား လိုက်လံကြည့်ရှု့ခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး နှင့်အဖွဲ့ဝင်များက ဒလမြို့နယ်၊ ဒလ-တွံတေးကားလမ်း၊ တာကြီးကျေးရွာရှိ ရေလှောင်ကန်၊ ရေတွန်းစက်ရုံနှင့် ရေပေးဝေရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါရေပေးဝေရေးစခန်းမှ ဒလမြို့နယ် ၂၄ ရပ်ကွက်ရှိ ပြည်သူများအား သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် တစ်နေ့လျှင် ရေဂါလံ(၁.၅သန်း) ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်