ဇမ္ဗူသီရိ ဇူလိုင် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ငလျင်ဘေးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများမှ မိသားစုဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးက ငလျင်ဘေးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဘေးသင့်ပြည်သူ များအား အားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ် အတွင်း ငလျင်ဘေးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဘေးသင့်အိမ်ထောင်စု ၅၃၂ စုအတွက်နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ငါးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ၂၆၆ သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဖူးခိုင်