ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှုးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဥ်(၂၃)ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောက်တံတားခရိုင်​​ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးထွန်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာများ ရှင်းလင်းမျှဝေပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၅၀ ဦး တက်ရောက်လေ့လာခဲ့ကြပြီး သင်ကြားပို့ချမှုအပြီးတွင် သင်တန်းဆင်းလက်မှတ်များအား ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အလုပ်အမှုဆောင်များက ပေးအပ်ချီးမြှင့်ကာ အသင်း၏တွဲဘက်အတွင်းရေးမှူး ဦးအေးချိုက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းအပြင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များးအသင်းမှကြီးမှူး၍ ရွှေဈေးကွက်တွင် ရောင်းမှား၊ ၀ယ်မှား မဖြစ်ပေါ်စေရန်အတွက် ဘာသာရပ် ၁၀ မျိုးပါသည့် ရွှေပညာဒါန(အခမဲ့)သင်တန်း အမှတ်စဥ်(၃၆)ကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)