ငါန်းဇွန်မြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ငါန်းဇွန် ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပုံပြင်ပြောပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း၊ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းနှင့် ဆရာမများက အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြပြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-4 ကျောင်းသူ (၅) ဦးနှင့် Grade-5 ကျောင်းသူ (၅) ဦးတို့က ပုံပြင်ပြောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပုံပြင်ပြောပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကျင်းပရာ (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်း၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ငါန်းဇွန်မြို့ အ.ထ.ကမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဦးတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများက ရုံးဝင်းအတွင်း ပြသထားသော လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးမှတ်တမ်းများ နံရံကပ်စာစောင်၊ မှတ်တမ်းဓာတ်ပုံများကိုလည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များကို လည်းကောင်း အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူများအား လှည့်လည်ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။           

သက်နောင်ဦး(ငါန်းဇွန်)