မြိတ်တက္ကသိုလ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် မဲပေးခြင်းစမ်းသပ်သရုပ်ပြ

မြိတ် ဇူလိုင် ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားတက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ဦးကိုကိုလွင်က ရွေးကောက်ပွဲတွင် မဲစာရင်းများကို မှန်မှန်ကန်ကန် တိတိကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည့် အီလက်ထရောနစ်စက် (MEVM)ဖြင့် မဲပေးကြရမည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို နည်းလမ်းကျန မှန်ကန်သည့် အထွေထွေရွေးကောက်ပွဲပုံစံဖြစ်စေရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းနှင့် (MEVM)စက်များ ဖြန့်ဝေထိန်းသိမ်းထားရှိမှုများအား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က MEVM စက်အသုံးပြုရခြင်းနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြော ကြားပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက အမှာစကားပြောကြားသည်။ ဆက်လက်၍ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများက ရွေးကောက်ပွဲနေ့တွင် ဆောင်ရွက်ရမည့် အစီအစဉ်များအတိုင်း မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြိတ်ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် အီလက်ထရောနစ်စက် (MEVM) များ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စုပေါင်းရုံးခန်းမ၌ ဖွင့်လှစ်လျက်ရှိသော အီလက်ထရောနစ် မဲပေးစက်အသုံးပြုမှုနည်းပြဆရာဖြစ်သင်တန်းသို့‌ ရောက်ရှိခဲ့၍ သင်တန်းတွင် သင်တန်းသားများအား အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်‌တွေ့သင်ကြားလေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)