ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်နှင့်စာဖတ်ခြင်း"အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ ဇူလိုင် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်နှင့်စာဖတ်ခြင်း" အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေများကို လေ့လာမှတ်သားလာနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် စာပေ၏တန်ဖိုး၊ မိမိစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို တန်ဖိုးထားထိန်းသိမ်းရန်နှင့် စာပေကိုစဉ်ဆက်မပြတ် ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဟောပြောပွဲအပြီးတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသာ၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)