နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့် တစ်နှစ်သုံးသီးစားသီးနှံစိုက်ပျိုးနိုင်ရေး‌ တောင်သူများနှင့်တွေ့ဆုံ

တပ်ကုန်း ဇူလိုင် ၁၁

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီပြည့် တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေး‌ တောင်သူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက သပြေချောင်းကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမတွင် တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တောင်သူပေါင်း ၆၅ ဦး တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ထုတ်လုပ်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးကောင်းမွန်သော သီးနှံများနှင့် သား၊ ငါး ကဏ္ဍများဖွံ့ဖြိုးလာစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများ ရာသီပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ဆက်စပ်ဌာနများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းက မျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးရရှိလာမည့် အကျိုးကျေးဇူးများ၊  အဓိကသီးနှံ စပါး၊ မြေပဲ၊ နှမ်း စသည့်သီးနှံ(၁၀)မျိုး ရှင်းလင်းပြောကြားခဲ့ပြီးနောက် သပြေချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ၏ မေးမြန်းချက်များအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ သပြေချောင်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းကားလမ်းဘေး၊ တောင်သူ ဦးထွန်းငွေ၏ မိုးစပါး ခုနှစ်ဧက စိုက်ခင်းအားကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်