တပ်ကုန်းမြို့၌ ငလျင်ဘေးကြောင့် ပျက်စီးခဲ့သည့် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တပ်ကုန်း ဇူလိုင် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်အသစ်တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီးဝင်းတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူက ပြန်လည်တည်ဆောက်ရေး၊ တည်ဆောက်ရေးပစ္စည်းရှာဖွေရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ပြန်ကြားရေး၊ စာရင်းစစ်ဆေးရေး၊ လုပ်ငန်းကော်မတီ အသီးသီးပါဝင်ဆောင်ရွက်ရေး ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းထွဋ်အောင်က ငလျင်ပြင်အားဒဏ်ခံနိုင်ရေး အသုံးပြုရမည့် တည်ဆောက်ရေးပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီအသီးသီးမှ ဆောင်ရွက်ကြရမည့် လုပ်ငန်းပိုင်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများ ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့သည်။

တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ဝါခေါင်စာရေးတံပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲ၊ တန်ဆောင်မုန်းမဟာဘုံကထိန်ပွဲ၊ တရားပွဲ၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲများ နှစ်စဉ်ကျင်းပလျက်ရှိသည့် မြို့ကျက်သရေဆောင် ဗိမာန်တော်ကြီးဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်