ဘားအံ ဇူလိုင် ၁၀
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဂ) ဘားအံဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအသင်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုဧည့်ခံသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခွင့်ရမှုအပေါ် များစွာဂုဏ်ယူဝမ်းမြောက်မိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု ဘောလုံးအသင်းများကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ ကရင်ပြည်နယ်သို့ ရောက်ရှိနေထိုင်စဉ်အတွင်း တိုင်းရင်းသားညီအစ်ကိုများ၏ ချစ်စရာကောင်းသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် လေ့လာသွားကြစေလိုပြီး ပြိုင်ပွဲဝင်အသင်းများ သွားလာနေထိုင်စားသောက်ရေး ကိစ္စရပ်များကို အစစအရာရာ အဆင်ပြေပြေ စီမံဆောင်ရွက်ထားရှိပါကြောင်းနှင့် စိတ်ချမ်းမြေ့စွာဖြင့် ပြိုင်ပွဲကြီးအား ယှဉ်ပြိုင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အုပ်စု(ဂ)တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မွန်ပြည်နယ်အသင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး လ္ဘက်ရည်ပွဲ (Tea Party) ဖြင့် တည်ခင်းဧည့်ခံကာ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြုအားကစားအသင်းများမှ အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)