ဒေါပုံ ဇူလိုင် ၁၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများကျန်းမာရေးဗဟုသုတများနှင့်ပြည်စုံပြီး ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကာ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးခြင်းကို ဇူလိုင် ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နွယ်အေးရပ်ကွက်၊ သဲကွင်းတွင် တာဝန်ရှိသူများပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်(ရေသန့်ဌာန)မှ တာဝန်ခံ ဒေါ်နွယ်နီအောင်၊ မြို့နယ်စည်ပင် (သန့်ရှင်းရေးဌာန) မှ ဦးအောင်လွင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးတို့က ရေနှင့်သန့်ရှင်းမှုဆိုင်ရာအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခြင်း၊ အမှိုက်များစွန့်ပစ်ရာတွင် သတ်မှတ်အမှိုက်ပုံးအသီးသီးတွင် စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ဟောပြောဆွေးနွေးခြင်းနှင့် ပတ်ဝန်းကျင်တွင် မသန့်ရှင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါအန္တရာယ်များမှကင်းဝေးရန်အတွက် သန့်ရှင်းစွာနေထိုင်မှုစနစ်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက အသိပညာပေးပိုစတာများဖြန့်ဝေခြင်း၊ ဆပ်ပြာမှုန့်ထုတ်များဖြန့်ဝေခြင်းနှင့် ရေကန်များအတွင်း အဘိတ်ဆေးများခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)